Thursday 12 November 2020
Wednesday 7 October 2020
တိုရန်တိုမြို့ ကထိန်လှည့်လည်ပွဲ
ဗုဒ္ဓစွယ်တော်မြတ် သမိုင်းအကျဉ်း
 သီရိလင်္ကာရှိ စွယ်တော် == လက်ဝဲအောက်စွယ်တော်
တရုတ်နိုင်ငံရှိ စွယ်တော် == လက်ဝဲအထက် စွယ်တော်
=======================
(၂၀၁၁ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၇) မှ ဆောင်းပါးရှင် မောင်ချစ်အေး (ခေတ္တ - ပေကျင်း) ၏ ဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြပါသည် ။)
=============================================
             လူ့ဘ၀သည် ရခဲလှပါ၏။ လူ့ပြည်နှင့် နတ်ပြည်မှ အပ်နှစ်စင်းတို့ ထိပ်တိုက်တွေ့ရန်ထက် ခက်ခဲလှသည်ဟု ဆိုပါသည်။ ထို့ထက် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူသော ကာလနှင့် ကြုံကြိုက်ရန် ပို၍ခဲယဉ်းလှပါသည်။ မြတ်စွာ ဘုရားရှင်နှင့် မကြုံကြိုက် သည့်တိုင် ဘုရားသာသနာ ထွန်းကားချိန်တွင် လူဖြစ်ရလျှင်ပင် လူဖြစ်ကျိုး နပ်လှပါသည်။ ယခုအခါ ထေရ၀ါဒ ဗုဒ္ဓသာသနာ အမွေအနှစ်နှင့် အလေ့အကျင့်တို့ ထိန်းသိမ်းတည်တံ့ ထွန်းကားရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် သည် စတုတ္ထအချီ ဒေသစာရီ ကြွချီ လာပြီဖြစ်ပါသည် ။
            နိုင်ငံတော် သမ္မတကြီး ၂၀၁၁ခုနှစ် မေလက သွားရောက်ခဲ့သော တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ် အတွင်း မြန်မာပြည်သူများ အတွက် ပုဗ္ဗစေတနာ သဒ္ဓါထက်သန်စွာဖြင့် အစပျိုးစီစဉ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်-မြန်မာ နှစ်ပြည်ထောင် ချစ်ကြည်ရေးကို အကြောင်းပြု၍ မိုင်ပေါင်း ရာထောင်ချီပြီး ဝေးကွာလှသည့် အရပ်မှ တန်ဆောင်တိုင် ခါတော်မီ ကြွချီလာမည့် မြတ်စွယ်တော်နှင့် ပတ်သက်၍ ကြိုတင်ကြည်ညို သဒ္ဓါပွားများ နိုင်ကြစေရန် ဤဆောင်းပါးဖြင့် ဓမ္မဒါနပြု တင်ပြအပ်ပါသည်။
           သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓဘုရားသခင်၏ မြတ်စွယ်တော်ကို ကိုယ်တိုင်ဖူးမြော် ကြည်ညိုရသည့်အခါ သက်တော် ထင်ရှား သုံးလူ့ရှင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား စိတ်ဝယ်ထင်ထင် ယုံကြည်ကြိမ်ကြိမ် သဒ္ဓါရှိန်ဖြင့် အာရုံပြုနိုင်ရန်လည်း ရည်သန်ပါသည်။ မျိုးဆက်သစ် လူငယ် လူရွယ်များကိုလည်း ပထမ တစ်ကြိမ်ပင် ဖူးမြင်ရခြင်း ဖြစ်လင့်ကစား၊ အသိဉာဏ် ထက်မြက်သော အရွယ်တွင် ဗုဒ္ဓဂုဏ်တော်ကို နှလုံးသွင်း၍ နှလုံးသားဝယ် ဘုရားတည် နိုင်ကြစေရန်နှင့် ဗုဒ္ဓအဆုံးအမ (Buddha Thoughts) များကို နှလုံးသွင်း နိုင်ကြစေရန်လည်း ရည်သန်နှိုးဆော် အပ်ပါသည်။
ဗုဒ္ဓစွယ်တော်မြတ် သမိုင်းအကျဉ်း
လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော ဗုဒ္ဓမြတ်စွာ ဘုရားသခင်သည် ၄၅ ၀ါပတ်လုံး လောက(၃)ပါးအား တရားဖြင့် စောင့်ရှောက်ပြီး နေစဉ် သက်တော် ၈၀ အရောက် ကဆုန် လပြည့်နေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့ပါသည်။ မြတ်စွာ ဘုရားပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင် ကျွမ်းပြီးနောက် မကွဲမပြား တစ်သားတည်း တည်သော အသမ္ဘိဓာတ်တော်များ ဖြစ်သည့် စွယ်တော်လေးဆူ၊ ညှပ်ရိုးတော် နှစ်ဆူ၊ နဖူးသင်းကျစ်တော်တစ်ဆူ စုစုပေါင်း ခုနစ်ဆူနှင့် ဓာတ်တော်မွေတော်များ ကျန်ရစ်တော် မူခဲ့ပါသည်။
ကြွင်းကျန်ခဲ့သော စွယ်တော် အရွယ်ပမာဏမှာ ၁၉၅၉ ခုနှစ်တွင် ဆရာတော် ဦးအာလောက ရေးသားသော တစ်ဆယ့် ခြောက်ဌာန ဘုရားရှိခိုးတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
- စွယ်တော်လုံးပတ်၊ မြဲ မှတ်ကြစေ၊ အချင်းထိပ်ဦး၊ ခြောက်မူးခန့်ပေ၊ နှစ်ကျပ်မူးယွန်း၊ အ၀န်းမှန်ပေ၊ အလျားမှတ်၊ နှစ်ကျပ်မတ်တင်းနေ။
- အမြစ်လုံးပတ်၊ ငါးမတ် ခန့်သာ၊ အောက်ထိပ် အမှူး၊ သုံးမူးပမာ၊ ရောင်ခြည်လောဟိ၊ နီဘိဖြူဝါ၊ နီဖန်များ၊ နည်းငြားဖြူအဝါ။
တေဇောဓာတ် လောင်ကျွမ်းသဖြင့် ရရှိလာသော ဓာတ်တော် မွေတော်များအား ရယူလိုသဖြင့် တိုင်းပြည်(၈)ပြည်ထောင်မှ ဘုရင်များ စစ်တပ်ချီ၍ စုဝေး ရောက်ရှိခဲ့ကြသည်။ မြတ်စွာဘုရားသခင်၏ ဓာတ်တော်များအား ငြိမ်းချမ်းစွာဖြင့် အညီအမျှ သုံးပုံစုပုံပြီး လူ့ပြည်၊ နဂါးပြည်၊ နတ်ပြည်တို့ ခွဲဝေယူခဲ့ကြသည်။ လူ့ပြည်အတွက် ဝေစုကို ရှင်ဘုရင် ရှစ်ပါးတို့ အညီအမျှ ထပ်မံခွဲဝေ ယူကြရာတွင် စွယ်တော် နှစ်ဆူလည်း ပါဝင်သည်။ ကျန်စွယ်တော် နှစ်ဆူမှာ နတ်ပြည်နှင့် နဂါးပြည်တို့သို့ ပင့်ဆောင်သွားခဲ့ကြကြောင်း မှတ်သားရ ပါသည်။ လူ့ပြည်ရှိ စွယ်တော် နှစ်ဆူအနက် တစ်ဆူမှာ သီရိလင်္ကာ နိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူမှာ တရုတ်နိုင်ငံ လင်ကွမ်းကျောင်းတော်၌ မူရင်းအတိုင်း စံပယ်လျက် ရှိပါသည်။ သီရိလင်္ကာရှိ စွယ်တော်မှာ လက်ဝဲအောက်စွယ်တော် ဖြစ်ပြီး တရုတ်နိုင်ငံရှိ စွယ်တော်မှာ လက်ဝဲအထက် စွယ်တော် ဖြစ်ပါသည်။
စိနတိုင်းခေါ် တရုတ်ပြည်မှ စွယ်တော်မြတ် သမိုင်းအကျဉ်း
တေဇောဓာတ် လောင်ကျွမ်းပြီး ကြွင်းကျန်သော ဓာတ်တော် မွေတော်များကို နတ်ပြည်၊ လူ့ပြည်နှင့် နဂါးပြည်တို့ သုံးပုံအညီအမျှ ခွဲဝေယူခဲ့ကြသည်။ လူ့ပြည်မှ ဝေစုကို ဘုရင်ရှစ်ပါးတို့ ငြိမ်းချမ်းစွာ ထပ်မံခွဲဝေယူကြရာ၌ မင်းတို့၏ဆရာ ဒေါနပုဏ္ဏားကြီးသည် မြတ်စွာဘုရားအား ကြည်ညိုသဒ္ဓါ ရှိလှသဖြင့် အထက်လက်ဝဲ စွယ်တော်အား ၄င်း၏ အင်္ကျီကြား၌ သိုဝှက်ထားခဲ့သည်။ ၄င်းစွယ်တော်မြတ်သည် ဂန္ဓာရတိုင်း၊ ဥဓနနိုင်ငံ (ယခု ပါကစ္စတန် နိုင်ငံ) တွင် ဦးစွာ စံပယ်ခဲ့သည်။ ရဟန်းတော် တစ်ပါးက ပါကစ္စတန်နိုင်ငံ သိန္ဓုမြစ်ကမ်း (ယခု တက္ကသီလာ Texila မြို့) အနီးတွင် စေတီကိုးကွယ် ဌာပနာ ထားခဲ့သည်။ တက္ကသီလာသည် အစ္စလမ္မာဘတ် မြို့တော်မှ အနောက်ဘက် ကားဖြင့်သွားလျှင် တစ်နာရီ ကျော်ခန့်သာ ကွာဝေးပါသည်။ 
အိန္ဒိယနိုင်ငံ ဗာရာဏသီမှ ဆိုလျှင် ယူဇနာ၂၀၀ ကွာဝေးပြီး မြတ်စွာဘုရား လက်ထက် တိုင်းကြီးကိုးတိုင်းသို့ သာသနာပြု ရဟန်းသံဃာများ စေလွှတ်ခဲ့ရာတွင် အပါအဝင် တိုင်းတစ်ခု ဖြစ်ခဲ့ပါသည်။ တက္ကသီလာရှိ ပက္ကုသာတိ မင်းသည် စာဂဓတိုင်း ရာဇဂြိုဟ်ဘုရင် ဗိမ္မိသာရမင်း ရေးပေးလိုက်သော ရတနာသုံးပါး ဂုဏ်တော်ကို ဖတ်ရှုရပြီးနောက် မြတ်စွာဘုရားကို ဖူးမြော်ရန် ရာဇဂြိုလ်သို့ ထွက်ခွာလာရာ လမ်းခရီးတွင် ဘုရားရှင်နှင့် တစ်ညသာ ဖူးတွေ့ရပြီး နောက်တစ်နေ့၌ အနာဂါမ်ပုဂ္ဂိုလ် အဖြစ် စုတေသွားခဲ့ရာ အဝိဟာရ ဗြဟ္မာဘုံတွင် ဖြစ်ဆဲခဏ၌ ရဟန္တာ ဖြစ်သွားခဲ့ကြောင်း ဖတ်ရှုမှတ်သားရ ပါသည်။ ဂန္ဓာရတိုင်း (ယခုပါကစ္စတန်)ကိုလည်း ဗုဒ္ဓသာသနိက မြေပုံတော်ချုပ်တွင် လေ့လာကြည့်ရှုနိုင် ပါသည်။
ဗုဒ္ဓမြတ်စွယ်တော်သည် ဥဓနနိုင်ငံ (ယခုပါကစ္စတန်) မှတစ်ဆင့် နယ်မြေချင်း ဆက်စပ်နေသော တရုတ်နိုင်ငံ ရှင်းကျန်း ပြည်နယ် ဟေထရန်းခရိုင် ခိုတန်မြို့သို့ ပင့်ဆောင် ရောက်ရှိခဲ့သည်။ ထို့နောက် တရုတ်တောင်ပိုင်း နန်ချောင်(Nan Chao) မင်းဆက်ကာလ ဘုန်းတော်ကြီး ဖာရှန်း (Fa Xian) (အေဒီ ၄၂၄-၄၉၈)က စွယ်တော်မြတ်အား ခိုတန်အရပ်မှ တရုတ်တောင်ပိုင်း ချီမင်းဆက်မြို့တော် နန်ကျင်းသို့ ပင့်ဆောင်ခဲ့သည်။ ၎င်းနောက် ဆွေမင်းဆက် လက်ထက်တွင် တရုတ် တစ်နိုင်ငံလုံးအား စည်းရုံး သိမ်းသွင်းပြီးနောက် မြို့တော်သစ် ချန်အမ်း (ယခု ရှီးအန်း Xian) သို့ ပင့်ဆောင်သွားခဲ့သည်။
ထို့နောက် တရုတ်မင်းဆက် (၅) ဆက်ကာလ (၁၀) ပြည်ထောင်ခေတ်တွင် တရုတ်အလယ်ပိုင်း ဒေသများမှာ တရုတ် ချောင်ထရယ်မင်း နိုင်ငံအတွင်း ကျရောက်ခဲ့ပြီး ဗုဒ္ဓ စွယ်တော်မြတ်မှာလည်း နေရာတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ လျောင်မင်းဆက် လက်ထက်တွင် Yan Jing ယန့်ကျင်းမြို့ (ယခု Beijing ပေကျင်းမြို့) သို့ ရောက်ရှိခဲ့ပါသည်။ လျောင်မင်း ဆက်အကြောင်း ရေးသားထားသည့် အတွဲပေါင်း ၂၂တွဲ ရှိသည့် မင်းဧကရာဇ် တောက်ကျုံး (Emperor Dao Zong) ၏ သမိုင်း မှတ်တမ်းများအရ ဗုဒ္ဓ မြတ်စွယ်တော်သည် ခရစ်သက္ကရာဇ် ၁၀၇၁ခုနှစ် ဩဂုတ်လ၌ ကျောင်းရှန်စေတီ (Zhao Xian) တွင် ကိန်းဝပ် စံပယ်ခဲ့ကြောင်း သိရှိရပါသည်။
ကျောင်းရှန်စေတီမှာ တရုတ်ကျောက်များဖြင့် တည်ဆောက်ထားသော အဋ္ဌဂံပုံစံ အထပ်(၁၀)ထပ်ရှိ စေတီ ဖြစ်ပါသည်။ စေတီတော်နံရံတွင် ကျောက်ဆစ်ပန်းချီ လက်ရာများဖြင့် ဘုရားစေတီ ပုံတော်များအား မွမ်းမံ ထားသောကြောင့် ''ပုံတော်တစ်ထောင် ပန်းချီကားဘုရား'' ဟူ၍လည်း ထင်ရှားပါသည်။ ၁၉၀၀ပြည့်နှစ်တွင် ပြည်ပနိုင်ငံ ရှစ်နိုင်ငံမှ ပူးပေါင်း၍ တရုတ်နိုင်ငံအား ကျူးကျော်သိမ်းပိုက် ဖျက်ဆီးခဲ့ကြသဖြင့် ရှေးဟောင်း အမွေအနှစ်များစွာ ပျက်စီးဆုံးရှုံး ခဲ့ရသည်။ ကျောင်းရှန်စေတီနှင့် ၎င်းအနီးရှိ လင်ကွမ်း ဘုရားကျောင်းတို့မှာ ပေကျင်းမြို့၏ ဆင်ခြေဖုံး နေရာတွင် ရှိသောကြောင့် အမြောက်ဒဏ်၊ ဗုံးဒဏ် အနည်းငယ်သာ ခံခဲ့ရသည်။ ဘေးရန်များ ကင်းဝေးပြီးနောက် ဘုန်းတော်ကြီးတို့ စေတီတော်အား ပြန်လည် ရှင်းလင်းကြစဉ် စေတီ၏ အောက်ခြေ မြေအောက်မှ ကျောက်သား သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ကြသည်။ ၎င်းကျောက်သေတ္တာ အတွင်းမှ စန္ဒကူးအသားဖြင့် ပြုလုပ်ထားသော သစ်သားသေတ္တာငယ် တစ်လုံးကို ထပ်မံ တွေ့ရှိခဲ့ကြ ရာ သေတ္တာပေါ်တွင် အောက်ပါစာတမ်းကို တွေ့ရှိခဲ့ပါသည် -
''စကြာမုနိဘုရားရှင်၏ အံ့ချီးဖွယ်ရာ မြတ်စွယ်တော်၊ ရေးသားသူ-
ရှန်းဟွေ့ (Shan Hui) ၊ ၄လပိုင်း၊ ၂၃ ရက်၊ တရုတ် ထရန်းဟွေ့နှစ်(၇)'' (တရုတ်ထရန်းဟွေ့နှစ် ၇နှစ်မှာ တရုတ်မြောက်ပိုင်း ဟန်မင်းဆက် လက်ထက်က အသုံးပြုသောနှစ်ဖြစ်ပြီး ခရစ်နှစ် ၉၆၃ ခုနှစ်ဖြစ်ပါသည်။) "Holy tooth-relic of the Lord Buddha Shakya Muni: written by Shan Hui , on the twenty third day of the fourth month of the seven year Tainhui"
သေတ္တာပေါ်တွင် မှတ်တမ်း ရေးထိုးထားသည့် ရှန်းဟွေ့အမည်မှာ တရုတ်မင်းဆက် (၅) ဆက် ကာလတွင် မြောက်ပိုင်း ဟန်မင်းနယ်မှ တရုတ် ဘုန်းတော်ကြီး၏ အမည်ဖြစ်ပါသည်။ ဟန်မင်းဆက်မှာ တရုတ် မင်းဆက် (၅) ဆက် ကျဆုံးပြီးနောက် ရှန်းရှီးမြောက်ပိုင်းမှ တရုတ်စုန့် ဘုရင်အား တော်လှန်ပုန်ကန်၍ ကြီးထွား လာခဲ့ပါသည်။ သို့သော် ၎င်းမင်းဆက်မှာ နောက်ပိုင်းတွင် တရုတ်စုန့်မင်း၏ ချေမှုန်း တိုက်ခိုက်ခြင်း ခံခဲ့ရပါသည်။ ဗုဒ္ဓ စွယ်တော်မြတ်အား ၁၀၇၁ ခုနှစ်တွင် စေတီတော် အတွင်း ဌာပနာခဲ့ပြီး ၁၉၀၀ခုနှစ်မှ တစ်ဖန် ပြန်လည် ဖူးမြင်ရခြင်း ဖြစ်သောကြောင့် နှစ်ပေါင်း(၈၃၀)မျှ ကျောင်းရှန်စေတီ အတွင်း ကိန်းဝပ်ခဲ့ပါသည်။ ဗုဒ္ဓ မြတ်စွယ်တော်အား ပြန်လည် တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ပေကျင်းမြို့ အနောက်အရပ်ရှိ ထင်ရှားသော ပါ့တာ့ချူးတောင်၊ လင်ကွမ်းကျောင်းတော် စွယ်တော်တိုက်တွင် မြန်မာနိုင်ငံမှ လှူဒါန်း ထားသော ကျွန်းသစ်ရတနာတန် ၃၀၀ ဖြင့် မွမ်းမံ တည်ဆောက်ထားသော ကျောင်းဆောင်တစ်ခု ရံလျက် ခမ်းနား ထည်ဝါသော ဂန္ဓကုဋိတိုက် အတွင်း တင့်တယ်သပ္ပာယ်စွာ စံတော်မူလျက် ရှိပြီ ဖြစ်ပါသည်။
မြတ်စွယ်တော်တိုက်၏ တိုးတက်ဖြစ်ပေါ်မှုများ
တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်တို့ အတွက် ဗုဒ္ဓမြတ်စွယ်တော် ပြန်လည် ပေါ်ထွန်းလာပြီးနောက် တရုတ်နိုင်ငံတွင် ရာစုနှစ် တစ်ဝက်ခန့်မှာ တရုတ်မျိုးချစ် တပ်ဖွဲ့များမှ ကျူးကျော်သူများကို ပြန်လည် တွန်းလှန်တိုက်ခိုက် နေရသောကြောင့် ပြည်တွင်းရေးများ ရှုပ်ထွေးကာ မြတ်စွယ်တော် အရေးကို အလေးမထား နိုင်ခဲ့ကြပေ။ တရုတ်ပြည်သစ် ထူထောင်ပြီးချိန်မှသာ တရုတ် ဗုဒ္ဓဘာသာဝင်များ၊ ဘုန်းတော်ကြီးများနှင့် ပြည်သူ့ အစိုးရတို့ ပူးပေါင်း ညီညွတ်စွာဖြင့် ဗုဒ္ဓ မြတ်စွယ်တော်အား ကွမ်ကျီးကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြသည်။ ရတနာ (၇) သွယ် စီခြယ်ထားသည့် စွယ်တော်ပလ္လင်နှင့် စီစဉ်၍ တင့်တယ် ခံ့ညား ထည်ဝါသပ္ပာယ်စွာ အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြရာ နိုင်ငံရပ်ခြားသို့ မြတ်စွယ်တော်၏ ဂုဏ်သတင်း ပျံ့နှံ့ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများသို့ ဒေသစာရီ ကြွချီ၍ ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ပူဇော်အထူးကို ခံယူခဲ့သည်။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား အစရှိသော ဗုဒ္ဓဘာသာဝင် နိုင်ငံများတွင် မြတ်စွယ်တော်၏ ဂုဏ်သတင်း ပျံ့နှံ့ထင်ရှားခဲ့ကြသည်။
၁၉၅၇ ခုနှစ်တွင် တရုတ်နိုင်ငံ ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားဖြင့် စွယ်တော်တိုက် စေတီတော် အသစ် တစ်ဆူကို နှစ်ထောင်ချီ တည်တံ့စေရန် ရည်သန် ဆောက်လုပ်ခဲ့ကြသည်။ ၁၉၅၈ခု နှစ်မှ ၁၉၆၄ ခုနှစ်အထိ ခြောက်နှစ်တာ ကာလ အတွင်း ခေတ်မီ ဆန်းသစ်သည့် စေတီတော်တစ်ဆူနှင့် ခမ်းနားသော ကျောင်းဆောင် တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ စေတီတော်မှာ မြေအကျယ် ၂၂ စတုရန်းမီတာ အပေါ်တွင် အောက်ခြေအုတ်ခုံ အမြင့် ၂ ဒသမ ၇မီတာ၊ အဆောက်အအုံ အမြင့် ၅၁ မီတာ၊ ထောင့်ချိုးရှစ်ခု၊ အထပ် ၁၃ထပ် ရှိပါသည်။ 
တရုတ်ရှေးခေတ် စေတီလက်ရာများကို အခြေခံလျက် ခေတ်သစ် နည်းစနစ်များနှင့် ပေါင်းစပ်ဆောက်လုပ် ထားပါသည်။ အပြင်ပိုင်းအား တရုတ် ထန်မင်းဆက်နှင့် စုန့်မင်းဆက် လက်ထက်တို့တွင် ထင်ရှားသော တစ်ထပ်ခန်းချင်းဆင့်၍ အစိမ်းရောင် စဥ့်ထည်ပန်းချီများ ထည့်သွင်း ဆောက်လုပ်ခဲ့ပါသည်။ အထပ်တိုင်းတွင် ပြတင်းပေါက်၊ လေဝင်ပေါက်များ ထားရှိပြီး အတွင်းပိုင်းအပေါ် ခုနစ်ထပ်တွင် ခန်းမငယ်ပုံစံများ အတိုင်း ဆင့်ထား၍ အောက်ပိုင်း အထပ်များမှာ အလုံပိတ် အခန်းများ ဖြစ်ပြီး တရုတ်အနုပညာ လက်ရာများဖြင့် ခြယ်မှုန်း ထားပါသည်။
စေတီအတွင်းပိုင်း ပတ်လည်တွင် ထည့်သွင်း ဆောက်လုပ်ထားသော ကြောင်လိမ် ကျောက်လှေကားမှာလည်း လှေကား ထစ်များ လူကြီးလူငယ်မရွေး ပြေပြစ်ညင်သာစွာ တက်လှမ်းနိုင်အောင် စီစဉ်ထားပြီး စွယ်တော်မြတ် သီတင်းသုံးရာ ထိပ်ဆုံးဂန္ဓကုဋိ တိုက်ခန်းသို့ တက်ရောက်နိုင်ပါသည်။ မြတ်စွယ်တော် ကိန်းဝပ်စံပယ်ရာ အထွတ်အမြတ်ခန်းတွင် ရွှေပလ္လင်နှင့် ရတနာ (၇) သွယ် စီခြယ်ထားသည့် ကြုတ်တော်အတွင်း မြတ်စွာဘုရားရှင်၏ အထက်လက်ဝဲ စွယ်တော်မြတ်ကို မူလအတိုင်း ကြည်ညိုသဒ္ဓါ ပွားနိုင်ပါသည်။ မြတ်စွယ်တော်၏ ဂန္ဓကုဋိတိုက် အတွင်း တာ့လီမြို့မှထွက်သော ကျောက်ဖြင့် အမိုးပေါ်တွင် နဂါးနှစ်ကောင် ယှက်နွှယ်နေပုံ ရုပ်ကြွရုပ်လုံးများ ထုဆစ် တန်ဆာ ဆင်ထားပါသည်။ 
 ယခုအခါ မြန်မာနိုင်ငံတော် အစိုးရနှင့် မြန်မာပြည်သူတို့ ပူဇော်ပေးပို့ လှူဒါန်းထားသော ရတနာ ကျွန်းသစ်များဖြင့် ဂန္ဓကုဋိတိုက် အတွင်းနံရံများတွင် သစ်ထွင်းဗုဒ္ဓဖြစ်စဉ် ပန်းချီရုပ်လုံးများ တန်ဆာဆင်ထားသည်မှာလည်း တင့်တယ် ခံ့ညားလှပါသည်။ မြန်မာ့ကျွန်းသစ် ရတနာများနှင့် တရုတ်အနုပညာ လက်ရာများ ပေါင်းစပ်၍ ဗုဒ္ဓမြတ် စွယ်တော်အား ပူဇော်ထားသည်မှာ ဂန္ဓကုဋိတိုက် အတွင်း ၀င်ရောက်လာသူတိုင်း၏ စိတ်နှလုံးကို သိမ်းကျုံးလျက် သက်ရှိထင်ရှား ဗုဒ္ဓဘုရားရှင်၏ အငွေ့ အသက်နှင့် အရိပ်အာဝါသအောက် အေးချမ်းတည်ငြိမ်စွာ ခေတ္တရောက်ရှိ ခိုလှုံရဘိသကဲ့သို့ ခံစားကြရပါသည်။
မြန်မာ နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့ သဒ္ဓါ ထက်သန်စွာဖြင့် လှူဒါန်း ပေးပို့ခဲ့သော ကျွန်းသစ် ရတနာတန် ၃၀၀ နှင့် အသစ်မွမ်းမံ ဆောက်လုပ်ခဲ့သော ကျောင်းဆောင်ကြီး တစ်ခုနှင့် တင့်တယ် ခမ်းနားထည်ဝါစွာ ပြုပြင်ထားသော ဂန္ဓကုဋိ တိုက်ကြီး ဖွင့်ပွဲတို့နှင့် အတူ ဗုဒ္ဓမြတ်စွယ်တော် အနေကဇာတင် အခမ်းအနားအား တရုတ်နိုင်ငံ ဗုဒ္ဓဘာသာ အသင်းမှ ကြီးမှူး၍ ၂၁-၅-၂၀၁၁ ရက်နေ့ နံနက် ၉ နာရီတွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပါသည်။ ၁၉၆၄ခုနှစ် စွယ်တော် တိုက်သစ် ဖွင့်ပွဲ ပြုလုပ်ပြီးနောက် ယခု အခမ်းအနားသည် ကြီးကျယ် အခမ်းအနားဆုံးဟု သိရပါသည်။
 မြန်မာနိုင်ငံမှ သာသနာရေး ၀န်ကြီးနှင့် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာ အသင်းဥက္ကဋ္ဌ ဆရာတော်ကြီး Most Ven , Chuan Yin ၊ ဂျပန်၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ နီပေါ၊ ထိုင်းနိုင်ငံတို့မှ သာသနာပိုင် ဆရာတော်ကြီးများ၊ တရုတ်အစိုးရ၊ သာသနာရေးဗျူရိုမှ တာဝန်ရှိ သူများ၊ ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန် ကိုယ်စားလှယ်များ၊ တရုတ် ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ပရိသတ် အင်အား ၄၀၀၀ ခန့် စည်ကား သိုက်မြိုက်စွာ တက်ရောက်ခဲ့ကြ ပါသည်။ 
အခမ်းအနားတွင် စွယ်တော်တိုက် လင်ကွမ်းကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ Ven. Shi Chang Zang က မြန်မာ နိုင်ငံတော် အစိုးရနှင့် ပြည်သူများ သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့သည့် ကျွန်းသစ်ရတနာ တန်၃၀၀ ကြောင့် ဗုဒ္ဓ မြတ်စွယ်တော်တိုက်၊ ဂန္ဓကုဋိတိုက်နှင့် ကျောင်းဆောင်ကြီးတစ်ခု တင့်တယ်ခမ်းနားစွာ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း၊ ဗုဒ္ဓ မြတ်စွယ်တော်နှင့် တင့်တယ်သပ္ပာယ်စွာ တည်ရှိနေပြီ ဖြစ်သည့် အတွက် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင် ပြည်သူ အားလုံးကိုယ်စား ဝမ်းမြောက်သာဓု အနုမောဒနာ အကြိမ်ကြိမ် ခေါ်ဆိုပါ ကြောင်း လှိုက်လှဲစွာ မိန့်ကြားခဲ့ ပါသည်။ မြန်မာ ပြည်သူတို့ ကိုယ်စား နိုင်ငံတော် အစိုးရက ပြုခဲ့သော ကုသိုလ်ကောင်းမှု အတွက် ထပ်တူထပ်မျှ ခံစားရရှိ ကြပါစေဟု အမျှဝေ ဆန္ဒပြုပါသည်။
နိုင်ငံတော်အစိုးရ၏ စေတနာနှင့် သာသနာချီးမြှောက်မှု
မြတ်စွာဘုရားရှင်၏ အထက်လက်ဝဲ စွယ်တော်အား မြန်မာနိုင်ငံသို့ ကြွရောက်ခဲ့သော သုံးကြိမ်စလုံးတွင် မြန်မာပြည်သူ တို့သည် သဒ္ဓါထက်သန်စွာ အလေးထား ကြည်ညို ပူဇော်ခဲ့ကြပါသည်။ ဗုဒ္ဓ မြတ်စွယ်တော်သည် ၁၉၅၅ခုနှစ် ပါလီမန်အစိုးရ လက်ထက်တွင် ပထမအကြိမ်၊ ၁၉၉၄ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဒုတိယ အကြိမ်နှင့် ၁၉၉၆ခုနှစ် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် တတိယအကြိမ် ကြွရောက်အပူဇော် ခံခဲ့သည်။
(၂၀၁၁ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၇) မှ ဆောင်းပါးရှင် မောင်ချစ်အေး (ခေတ္တ - ပေကျင်း) ၏ ဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြပါသည် ။)
___________________________________
Ven Siddhibala ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Kathina Festival, Toronto, Canada.
အသိထက် အကျင့် ခက်… "#တရားအားထုတ်သူ_ယောဂီတို့အတွက်_သတိထားဖွယ်"
အသိထက် အကျင့် ခက်…
"#တရားအားထုတ်သူ_ယောဂီတို့အတွက်_သတိထားဖွယ်"
ယနေ့လောကတွင် လူသားတော်တော်များသည် အသိ  ပညာ ဗဟုသုတများများ ရရှိဖို့ အားသွန်ခွန်စိုက် ကြိုးစား ရှာဖွေနေကြ၏။ သို့သော် ရှာဖွေခြင်း၏ ရလာဒ်သည် ပြီးဆုံးသွားသည် မရှိ။ လိုမြဲ လိုနေ၏။ နောက်ဆုံး လိုနေသည်ကား သိသည့်အတိုင်း လိုက်နာကျင့်ကြံဖို့ပင် ဖြစ်၏။ ပါးစပ်က ဘုရား ဘုရား ၊ လက်က ကားယား ကားယား လုပ်နေလျှင် သိထားသည့် အသိသည် အလကားပင်။
လူတစ်ယောက်သည် ဘယ်လောက်ပင် လောကရဲ့ ဘွဲ့ထူး ဂုဏ်ထူးများ၊ ဘွဲ့ဒီဂရီများ ရရှိနေစကာမူ __
၁။ သူများ အသက် သတ်နေလျှင်…
၂။ သူတစ်ပါးပိုင် ပစ္စည်းဥစ္စာတို့ကို ခိုးယူနေလျှင်..
၃။ သူတစ်ပါး သားမယားတို့ကို လိုက်လံ စော်ကားနေလျှင်
၎။ လိမ်ညာပြောနေလျှင်
၅။ အရက်သေစာနှင့်တကွ မူးယစ်ဆေးဝါးများ သုံးစွဲနေလျှင်.. ထိုသူ ရရှိထားသည့် ဘွဲ့ ပညာတို့ဟာ အမှန်တကယ် စစ်မှန်သော ပညာ ဘွဲ့ဒီဂရီများ မဖြစ်နိုင်ပေ။
အသိများပြီး သူတစ်ပါးတို့ရဲ့ အပြစ်တွေကို လိုက်လံ ကြည့်ရှု ပြစ်တင်နေလျှင်လည်း ထိုသူ့အတွက် လက်ရှိဘဝရော နောက်တမလွန်ဘဝ၌ပါ ကောင်းကျိုးတို့ ရရှိမည် မဟုတ်။ လက်ရှိဘဝ၌ပင် သူတစ်ပါးအပြစ်တို့ကို အသေးစိပ်ကအစ လိုက်လံ ကြည့်ရှု ဝေဖန်နေသူတို့အတွက် တရားအားထုတ်သော်လည်း တရားထူးတို့ ရရှိမည် မဟုတ်ကြောင်း အောက်ပါ ပါဠိဂါထာလေးက သက်သေပြနေ၏။
၂၅၃။ ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ၀ဍ်ဎုန္တိ၊ အာရာ သော အာသဝက္ခယာ။
၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျှက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏၊ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။
253. One who sees the faults of others is always ready to blame. This makes him increase of compulsions (Arthawal taya). Such one is far from extinction of compulsion.
အပြစ်မြင်သည်ဆိုရာဝယ်..စိတ်ထား နှလုံးသွင်း ကောင်းကောင်း မထားနိုင်သောကြောင့် အပြစ်တွေချည်းသာ မြင်နေတာပါ။ စိတ်နှလုံးသွင်းကောင်း ရှိသူတို့အဖို့ အပြစ်မြင်ဖို့ဆိုတာ မရှိသလို…ကြုံတွေ့လာလျှင်လည်း အကောင်းဘက် ပြောင်းမြင်တတ်ကြ၏။
ထို့ကြောင့် လောကမှာ အသိနောက်မှ အကျင့်ပါလျှင် လူတော်လူကောင်းတစ်ယောက်ဟု ခေါ်ဆို သတ်မှတ်နိုင်၏။ အကျင့်သာ ကျင့်ပြီး အသိမရှိလျှင်လည်း အချိန်ဖြုန်းရာသာ ရောက်ပေမည်။ အသိလည်း မြတ်၊ အကျင့်လည်း မြတ်ဖို့ အသိရှိသူတိုင်း ကြိုးစားသင့်၏။ အသိရှိလျှင် အကျင့်မြတ်ဖို့ ကြိုးစားသင့်၏။ အသိက မှားနေလျှင် ကြိုးစားသော်လည်း အမှန်မရောက်နိုင်။ အသိမှန်ဖို့ အရေးကြီးသလို အကျင့်မှန်ဖို့လည်း အရေးကြီးပေ၏။
သူတစ်ပါး အပြစ်ရှာ ဝေဖန်ပြောဆိုနေလျှင် ဘယ်လောက်ပင် ဝိပဿနာတရားတွေ အားထုတ်နေစေကာမူ.. တရားထူးတရားမြတိတို့ ရဖို့ဆိုတာ မဖြစ်နိုင်။ အကုသိုလ် ကိလေသာတရားတို့သာ တိုးပွားမြဲ တိုးပွားနေသည်ဟု ဗုဒ္ဓဘုရားရှင်က ဟောကြားထား၏။
ဒါ့ကြောင့် တရားအားထုတ်သူ ယောဂီတို့အဖို့ သူတစ်ပါးအပြစ်ရှာ ဝေဖန်ပြောဆိုနေခြင်းဟာ တရားထူးတရားမြတ်တို့ ရရှိဖို့ မလွယ်ကူကြောင်း အထူး သတိထားရပေမည်။
အသိလည်း မြတ်၊ အကျင့်လည်း မြတ်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ…။
Saturday 26 May 2018
May & Fei Wedding and Samgha Dana Celebration (May 26,Saturday,2018)
May & Fei Wedding and Samgha Dana Celebration (May 26,Saturday,2018)
Photo by U Aung Myin Ohn
May 26, Saturday, 2018
 ဦးအောင်မြင်အုန်း + ဒေါ်ထရီဇာအုန်း
 ကိုဟိန်းမာနဲ့ သူ၏ ချစ်မေမေ နှင့် အန်တီများ
မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...