Wednesday 7 October 2020

အသိထက် အကျင့် ခက်… "#တရားအားထုတ်သူ_ယောဂီတို့အတွက်_သတိထားဖွယ်"

အသိထက် အကျင့် ခက်…

"#တရားအားထုတ်သူ_ယောဂီတို့အတွက်_သတိထားဖွယ်"



ယနေ့လောကတွင် လူသားတော်တော်များသည် အသိ  ပညာ ဗဟုသုတများများ ရရှိဖို့ အားသွန်ခွန်စိုက် ကြိုးစား ရှာဖွေနေကြ၏။ သို့သော် ရှာဖွေခြင်း၏ ရလာဒ်သည် ပြီးဆုံးသွားသည် မရှိ။ လိုမြဲ လိုနေ၏။ နောက်ဆုံး လိုနေသည်ကား သိသည့်အတိုင်း လိုက်နာကျင့်ကြံဖို့ပင် ဖြစ်၏။ ပါးစပ်က ဘုရား ဘုရား ၊ လက်က ကားယား ကားယား လုပ်နေလျှင် သိထားသည့် အသိသည် အလကားပင်။

လူတစ်ယောက်သည် ဘယ်လောက်ပင် လောကရဲ့ ဘွဲ့ထူး ဂုဏ်ထူးများ၊ ဘွဲ့ဒီဂရီများ ရရှိနေစကာမူ __

၁။ သူများ အသက် သတ်နေလျှင်…

၂။ သူတစ်ပါးပိုင် ပစ္စည်းဥစ္စာတို့ကို ခိုးယူနေလျှင်..

၃။ သူတစ်ပါး သားမယားတို့ကို လိုက်လံ စော်ကားနေလျှင်

၎။ လိမ်ညာပြောနေလျှင်

၅။ အရက်သေစာနှင့်တကွ မူးယစ်ဆေးဝါးများ သုံးစွဲနေလျှင်.. ထိုသူ ရရှိထားသည့် ဘွဲ့ ပညာတို့ဟာ အမှန်တကယ် စစ်မှန်သော ပညာ ဘွဲ့ဒီဂရီများ မဖြစ်နိုင်ပေ။

အသိများပြီး သူတစ်ပါးတို့ရဲ့ အပြစ်တွေကို လိုက်လံ ကြည့်ရှု ပြစ်တင်နေလျှင်လည်း ထိုသူ့အတွက် လက်ရှိဘဝရော နောက်တမလွန်ဘဝ၌ပါ ကောင်းကျိုးတို့ ရရှိမည် မဟုတ်။ လက်ရှိဘဝ၌ပင် သူတစ်ပါးအပြစ်တို့ကို အသေးစိပ်ကအစ လိုက်လံ ကြည့်ရှု ဝေဖန်နေသူတို့အတွက် တရားအားထုတ်သော်လည်း တရားထူးတို့ ရရှိမည် မဟုတ်ကြောင်း အောက်ပါ ပါဠိဂါထာလေးက သက်သေပြနေ၏။

၂၅၃။ ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။

အာသဝါ တဿ ၀ဍ်ဎုန္တိ၊ အာရာ သော အာသဝက္ခယာ။

၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျှက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏၊ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။

253. One who sees the faults of others is always ready to blame. This makes him increase of compulsions (Arthawal taya). Such one is far from extinction of compulsion.

အပြစ်မြင်သည်ဆိုရာဝယ်..စိတ်ထား နှလုံးသွင်း ကောင်းကောင်း မထားနိုင်သောကြောင့် အပြစ်တွေချည်းသာ မြင်နေတာပါ။ စိတ်နှလုံးသွင်းကောင်း ရှိသူတို့အဖို့ အပြစ်မြင်ဖို့ဆိုတာ မရှိသလို…ကြုံတွေ့လာလျှင်လည်း အကောင်းဘက် ပြောင်းမြင်တတ်ကြ၏။

ထို့ကြောင့် လောကမှာ အသိနောက်မှ အကျင့်ပါလျှင် လူတော်လူကောင်းတစ်ယောက်ဟု ခေါ်ဆို သတ်မှတ်နိုင်၏။ အကျင့်သာ ကျင့်ပြီး အသိမရှိလျှင်လည်း အချိန်ဖြုန်းရာသာ ရောက်ပေမည်။ အသိလည်း မြတ်၊ အကျင့်လည်း မြတ်ဖို့ အသိရှိသူတိုင်း ကြိုးစားသင့်၏။ အသိရှိလျှင် အကျင့်မြတ်ဖို့ ကြိုးစားသင့်၏။ အသိက မှားနေလျှင် ကြိုးစားသော်လည်း အမှန်မရောက်နိုင်။ အသိမှန်ဖို့ အရေးကြီးသလို အကျင့်မှန်ဖို့လည်း အရေးကြီးပေ၏။

သူတစ်ပါး အပြစ်ရှာ ဝေဖန်ပြောဆိုနေလျှင် ဘယ်လောက်ပင် ဝိပဿနာတရားတွေ အားထုတ်နေစေကာမူ.. တရားထူးတရားမြတိတို့ ရဖို့ဆိုတာ မဖြစ်နိုင်။ အကုသိုလ် ကိလေသာတရားတို့သာ တိုးပွားမြဲ တိုးပွားနေသည်ဟု ဗုဒ္ဓဘုရားရှင်က ဟောကြားထား၏။

ဒါ့ကြောင့် တရားအားထုတ်သူ ယောဂီတို့အဖို့ သူတစ်ပါးအပြစ်ရှာ ဝေဖန်ပြောဆိုနေခြင်းဟာ တရားထူးတရားမြတ်တို့ ရရှိဖို့ မလွယ်ကူကြောင်း အထူး သတိထားရပေမည်။

အသိလည်း မြတ်၊ အကျင့်လည်း မြတ်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ…။

No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...