Sunday 9 April 2017

ကနေဒါနိုင်ငံရဲ့ ဈေးကွက်တစ်ခုတွင် တွေ့ရသော ကြည်ညိုဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်...

ကနေဒါနိုင်ငံရဲ့ ဈေးကွက်တစ်ခုတွင် တွေ့ရသော ကြည်ညိုဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်...

၀၈.၄.၂၀၁၇ စနေနေ့က Markham မြို့နေ ဒကာ ကိုဝီလျံမှ စားသောက်ဆိုင်တစ်ခုတွင် ဆရာတော် (၃) ပါးအား နေ့ဆွမ်း ဆက်ကပ်ခဲ့သည်။ စားသောက်ဆိုင်က နံနက် ၁၁:၃၀ မှ ဖွင့်ရာ မိမိတို့က မိနစ် (၃၀) ခန့် စောရောက်သွားခဲ့၏။ ကျန်ရှိသေးသည့် မိနစ် (၃၀) ကို အနီးရှိ Costco စူပါမားကက်တစ်ခုတွင် သွားရောက်ကာ ဟိုကြည့် ဒီကြည့် ခေတ်ပေါ်ပစ္စည်းများကို လေ့လာ၍ အချိန်ဖြုန်းခဲ့၏။
Costco ဆိုင်ဟာ ကနေဒါနိုင်ငံမှာ နာမည်ကြီး စူပါမားကက် တစ်ခုဖြစ်၏။ ပိုင်ရှင်ကတော့ အမေရိကန်လူမျိုး ဖြစ်ကြောင်း ကြားသိရ၏။

        အဲဒီမှာ ကြည်ညိုသပ္ပာယ်လှသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို တစ်ခြား Fancy ပစ္စည်းများနှင့်အတူ ရောင်းချခန်းတစ်ခုတွင် တွေ့မြင်ခဲ့ရ၏။ ဈေးနှုန်းမှာ ကနေဒါဒေါ်လာ $688.88 ကျကြောင်း ရေးထား၏။ အခွန်အပါပြီးဆို မြန်မာကျပ်ငွေပေါင်း (၇) သိန်းကျော်မည် ဖြစ်၏။
သူတို့အနေနဲ့ ဗုဒ္ဓဘာသာမဟုတ်သော်လည်း ဗုဒ္ဓ၏ ကြည်ညိုဖွယ်ရာ လက္ခဏာတော် အသွင်အပြင်များကို စိတ်ဝင်စား၍ အခုလို အရောင်းပြခန်းများတွင် ရောင်းချခြင်း ဖြစ်မည်ဟု မိမိတွေးမိ၏။
တစ်ချို့ဆို ဗုဒ္ဓရုပ်ပွားတော် ဝယ်ယူထားပြီး မိမိတို့ အမြတ်နိုးဆုံးသော နေရာတစ်ခုတွင် တင်ထားတာ တွေ့ရ၏။ တစ်ချို့က မိမိတို့ အိမ်ရှိ ပန်းခြံထဲတွင် ကြည်ညိုဖွယ်ရာ အနေအထားဖြင့် ထားထားတာကိုလည်း တွေ့မြင်ရ၏။ တွေ့လို မေးကြသည့်အခါ "ဘာလို့ ငါတို့ ဗုဒ္ဓရုပ်ပွားတော်ကို မင်းတို့အိမ်မှာ ထားရတာလဲ"လို့ မေးကြည့်သည့်အခါ ... ငါတို့တွေ စိတ်ညစ် စိတ်ဓာတ်များ ကျနေသည့်အခါ ဒီရုပ်ပွားတော်ကို ခေတ္တ ခဏ စိုက်ကြည့်လိုက်လျှင် စိတ်ဓာတ်ကျမှုများ ခေတ္တ ပြေငြိမ်းသွားတယ်, ဒါ့ကြောင့် ငါတို့ ထားထားတာပါ"ဟု ဖြေကြ၏။ တစ်ချို့ကတော့ အလှသဘောမျိုးအဖြစ် ထားကြ၏။
ဒါ့ကြောင့်လည်း ဗုဒ္ဓရုပ်ပွားတော်များကို ကနေဒါနိုင်ငံသာမက တစ်ခြားနိုင်ငံများပါ နာမည်ကြီး စူပါမားကက်တို့မှာ ရောင်းချနေကြတာလည်း တွေ့မြင်ရ၏။ ကနေဒါမှာဆို Costco, Walmart, Garden Store စသည့် ဆိုင်တို့မှာ တွေ့နိုင်၏။ စ
သစ်ပင် ပန်းပင်များနှင့် စိုက်ပျိုးရေးပစ္စည်းများ ရောင်းသည့်ဆိုင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဒီဇိုင်း စတိုင်မျိုးစုံဖြင့် တွေ့မြင်နိုင်၏။ မဟာယာန, ထေရဝါဒ စတိုင် ဗုဒ္ဓရုပ်ပွားတော်များ မျိုးစုံ၏။ နောက်တစ်ခုက ရှေးဟောင်းပစ္စည်းများ ရောင်းသည့်ဆိုင်များတွင်လည်း တွေ့ရှိနိုင်၏။ အခုရေးထားသည့် ပို့စ်သည် အကောင်းဘက်မှ ရေးထားပါ၏။ တစ်ချို့ ဗုဒ္ဓရုပ်ပွားတော်ကို သိက္ခာချလိုသည့် သဘောထားမျိုးနှင့် မကောင်းသည့် နေရာများတွင် အသုံးပြုကြတာလည်း တွေ့မြင်နေရ၏။
မိမိအနေနှင့် များသောအားဖြင့် အကောင်းမြင်သည့်ဘက်မှာ အသုံးပြုကြတာ အတွေ့များပါ၏။ တစ်ချို့ဆို ဗုဒ္ဓရုပ်ပွားတော် မြင်ပြီး ဗုဒ္ဓဘာသာအကြောင်း လေ့လာရင်း ဗုဒ္ဓဘာသာဖြစ်လာကြသည့် သူများလည်း ရှိနေ၏။
        မည်သို့ပင်ဆိုစေ ဗုဒ္ဓတရားတော်များဟာ လူတန်းစား ခွဲခြားသည့် ဘာသာမဟုတ်၊ စကြာဝဠာရှိ သတ္တဝါအားလုံးအတွက် ဖြစ်၏။ ဗုဒ္ဓဘာသာ ဖြစ်စေဦးတော့ ဗုဒ္ဓတရားတော်များကို မလိုက်နာ မကျင့်သုံးလျှင်အလကားပင် ဖြစ်၏။ ဗုဒ္ဓဘာသာအမည်မခံထားသော်လည်း ဗုဒ္ဓတရားတော်များကို လိုက်နာ ကျင့်သုံးနေလျှင် မည်သည့်လူမျိုးမဆို သတ္တဝါမဆို ကောင်းကျိုးအနန္တ ရရှိကြပါမည်။

      ဗုဒ္ဓတရားတော်များသည် ထာဝရမှန်ကန်နေသော တရားတော်များ ဖြစ်၏။ လက်တွေ့ ကျင့်သုံးပြီး ယုံကြည်ရသော ဘာသာတစ်ခုဖြစ်၏။ မျက်ကန်း ယုံကြည်ရခြင်း မဟုတ်။ မိမိကောင်းတာ လုပ်ရင် ကောင်းတာ ရမယ်, မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရမယ်။ မကောင်းတာ လုပ်နေသော်လည်း ကောင်းကျိုးများစွာ ရနေသော သူသည် ဒီဘဝ၏ မကောင်းတာ လုပ်ရခြင်း၏ အကျိုးရလာဒ် မဟုတ်။ ရှေးဘဝများက ပြုလုပ်ခဲ့သည့် ကောင်းစွာ လုပ်ခဲ့သော ကောင်းကျိုးများပင်။ ကံ ကံ၏ အကျိုး မယုံကြသည်သူအတွက် ယင်းအမြင်မျိုး မြင်နိုင်ဖို့ ခဲယဉ်းပေး၏။ ဒီဘဝမှာ မကောင်းတာ လုပ်နေလျှင် ဒီဘတွင် တစ်ချိန်ချိန် သို့မဟုတ် နောင်ဘဝတခုခုတွင် အကျိုးပေးပါလိမ့်မယ်။

       မျက်မှောက်ဘဝမှာပဲ ကြည့်ကြည့်ပါ။ အလုပ် မလုပ်သူအတွက် ဝင်ငွေဆိုတာ မရှိပါဘူး။ အလုပ် လုပ်မှ ဝင်ငွေ ရှိမယ်။ ဝင်ငွေ ရှိမှ မိသားစုအတွက် စားသောက်ရေး ပြည့်စုံမည် ဖြစ်၏။ လောကမှာ လူတန်းစား အကြမ်းဖျင်း (၂) မျိုးရှိ၏။ ဆင်းရဲသူ နှင့် ချမ်းသာသူပါပဲ။ ချမ်းသာသူနှင့် ဆင်းရဲသူ (၂) ဦးမှာ အလုပ် လုပ်ချိန်တူ, အလုပ်တူသော်လည်း အကျိုးရလာဒ်မှာ မတူနိုင်။ လုပ်တာချင်းလျှင် အကျိုးလည်း တူကြရပေမည်။ ယုခုမူ မတူကြတာ အဘယ့်ကြောင့်လည်း ဒါဟာ အတိတ်ကံတစ်ခုခုကြောင့် ဆိုနိုင်၏။
တစ်ချို့ လူတွေမှာ ရုံးခန်းတွင် တနေကုန်ထိုင်ပြီး ဖုန်းလေး တစ်ခါဆက်လိုက်ရုံနှင့် ငွေသိန်းပေါင်း များစွာ ဝင်နေ၏။ ဆင်းရဲသူအတွက်မှာတော့ တနေကုန်လုပ်သော်လည်း တလမှ ၂ သိန်း ၃ သိန်းစသည်ဖြင့် ရရှိကြ၏။ အနေအထားမှာ ရွှေပြားနဲ့ ကြေးပြား, ဆီနဲ့ ရေ, မိုးနဲ့ မြေ ပမာကွာခြားနေတာ တွေ့ မြင်နိုင်၏။ ဒါတွေဟာ အတိတ်ကံတွေကြောင့်ဟု ဆိုနိုင်၏။

     သို့သော် ပစ္စုပ္ပန် လုပ်ရပ်နဲ့လည်း သက်ဆိုင်နေသေးသည်။ အတိတ်က ကံတွေ ဘယ်လောက်ပင် ကောင်းနေစေခဲ့ကာမူ ပစ္စုပ္ပန်လုပ်ရပ်တွေ ညံ့နေလျှင် အကျိုးပေး မသန်နိုင်။ ပစ္စုပ္ပန်လုပ်ရပ်က အဖေသတ် အမေသတ် စသည့် ပဉ္စာနန္တရိယကံ ငါးပါးထဲက တစ်ခုခု ကျူးလွန်ထားလျှင် အတိတ်က ကောင်းကံတွေဟာ ကိုယ့်ဆီ ရောက်မလာတော့ပါဘူး။ ဥပမာ အဇာတသတ်မင်းကို ကြည့်ပါ။ အတိတ်က သာမညဖလသုတ် နာယူပြီးလျှင် သောတာပန်တည်ဖို့ ကံပါလာခဲ့၏။ သို့သော် ဖခင် ဗိမ္ဗိသာရမင်းကြီးကို ခြေဖဝါး ဓားခွဲ ဆားပက်သတ်ခဲ့သည့် ပစ္စုပ္ပန်ကံကြောင့် အရိယာဖြစ် ကံ ပျောက်သွားခဲ့ပြီး ငရဲသို့ ကျသွားခဲ့၏။ နောင်တရ၍ ဗုဒ္ဓသာသနာတော်မှာ ဘုရားရှင်ကို အကြည်ညိုဆုံးအဖြစ် သာသနာတော်ကို ထောက်ပံ့ခဲ့သော်လည်း အဖသတ်ကံကြောင့် ငရဲတွင် ခံစားနေရ၏။

အားလုံး ဗုဒ္ဓတရားတော်များကို မှန်ကန်စွာ ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေ။

မေတ္တာဖြင့် အရှင်သိဒ္ဓိဗလ
တိုရန်တို, ကနေဒါ
၉.၄.၂၀၁၇


No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...