Tuesday 28 March 2017

အတိတ်ဆိုရာဝယ်

အတိတ်ဆိုရာဝယ်

=============

     အတိတ်ဆိုတာ ပြန်မတွေးရဘူး မှန်ပေမယ့် အတိတ်ရဲ့ အဖြစ်အပျက်တွေဟာ တခါတခါ ပစ္စုပ္ပန်အတွက် အကောင်းဆုံးသော အားဆေးတစ်ခွက်လည်း ဖြစ်သွားတတ်ပါတယ်။ အတိတ်ရဲ့ အရိပ်အခြေကို ကြည့်ပြီး ပစ္စုပ္ပန်မှာ ပြုပြင်ပြောင်းလဲသင့်တာ ပြုပြင်ပြောင်းလဲပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားသို့ ရောက်အောင် အားဖြစ်စေပါတယ်။

        တခါတခါ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ ကျဆင်းနေချိန်တွင် အတိတ်ရဲ့ အားဖြစ်စရာ ကောင်းကွက်တို့ကို ပြန်လည်သုံးသပ်လိုက်တဲ့အခါ ပစ္စုပ္ပန် အားတွေ, ဇွဲ ဝီရိယတွေ ပြန်လည် ဖြစ်ထွန်းစေမှာပါ။ ပျော့ကွက်တွေသာ ပြန်ကြည့် ပြန်တွေးနေမယ်ဆိုရင် ဘောလုံး လေပေါက်လို ဖိလေ ပြားလေ ဖြစ်နေမှာပဲ။ 

     ဒါ့ကြောင့် စိတ်ဓာတ်ကျတဲ့ ရောဂါဟာ စိတ်ဆင်းရဲစရာ, စိတ်ညစ်စရာချည်း တွေးနေ စဉ်းစားနေခြင်းမှ အခြေခံ၍ ပေါက်ဖွားလာ၏။ အနာဂတ်မှာ ဘာဖြစ်မယ်, ဘာဖြစ်ရမယ်ဆိုတာကို ကြိုတွေးပြီးလုပ်တဲ့အခါ တကယ် ဖြစ်မလာရင် ဝမ်းနည်းပူဆွေး ဖြစ်ရပြန်တယ်။ ဒါက စိတ်ဓာတ်မရင့်ကျက်သူတွေ, စိတ်အားငယ်တတ်သူတွေမှာ အဖြစ်များ၏။

      စိတ်ဓာတ်ခွန်အားတွေ ပြည့်နေသူအတွက်တော့ လေပြည့်နေတဲ့ ဘောလုံးလို နှိမ်လေ မြင့်လေ ဖြစ်မှာပဲ။ ထိုသူအတွက် စိတ်ဓာတ်ကျစရာတွေ တွေးလေ မခံချင်စိတ်တွေ ဖြစ်ပေါ်ပြီး ဘဝကို မြင့်သည်ထက် မြင့်အောင် ကြိုးစား ရုန်းကန်ဖို့ အားတွေ ဖြစ်လေလေပါပဲ။

     တရားအားထုတ်တဲ့ နေရာမှာတော့ " အတိတ်ကိုလည်း မတွေးနဲ့၊ အနာဂတ်ကိုလည်း မမျှော်နဲ့၊ ပစ္စုပ္ပန်ကို တည့်တည့် ရှု" ဟု ဆိုသည့်အတိုင်း အတိတ်ကို ပြန်တွေး, အနာဂတ်အတွက် စီမံကိန်းတွေ ချ, လက်ရှိပစ္စုပ္ပန်ကို တည့်တည့် မရှုလျှင် တရားအားထုတ်လုပ်ငန်း အောင်မြင်တော့မည် မဟုတ်ပေ။ ဒါက တရားရှုမှတ်နေသူ့အတွက် အတိတ်တွေ အနာဂတ်တွေ တွေးနေစရာမလိုပါ။ ပစ္စုပ္ပန်က အရေးကြီးသည်။
ဗုဒ္ဓဘုရားရှင်ရဲ့ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတွေကို ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်တစ်ယောက်ကို တရားဟောတိုင်း ပစ္စုပ္ပန်တည့်တည့်ကို အခြေခံပြီး အတိတ်ဇာတ်ကြောင်းများနှင့်တကွ သံဝေဂ ယူသင့်သည်ကို ယူစေကာ ပြန်လည်ထုတ်ပြ ဟောပြတော်မူပါသည်။ ထိုအထဲမှ အနှစ်ထုတ်ယူတတ်အောင်, သတိသံဝေဂဖြစ်အောင် ထုတ်တတ်ဖို့ အရေးကြီးသည်။


     ထို့နည်းအတူ ကျွန်ုပ်တို့သည်လည်း အတိတ်ရဲ့ ပျော့ကွက် ဟာကွက်တွေကို ပစ္စုပ္ပန်လက်ရှိဘဝမှ ပြန်လည် ဖြည့်ဆည်းပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားသို့ ရောက်အောင် ပြုပြင်မွမ်းမံသင့်ပေ၏။


ပုံ = သီရိလင်္ကာနိုင်ငံမှာ ပညာသင်ခဲ့စဉ်က Peace Building တွင် ပို့ချသူ ဂိုက်လမ်းပေးသူ ဒကာမ မနန်းလောန်ဟွန်နှင့် စာသင်ဘက်များ

No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...